အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း

အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း

Tai Youth
ဧပြီ 25, 2023
Share:

အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း

သူငယ်ချင်းတို့ရေ….

တို့တွေဟာ မင်းသိခဲ့တဲ့အတိုင်း မျိုးဆက်ပွားတာဝန်ကို ထမ်းဆောင်နိုင်တဲ့အရွယ် ရောက်နေကြပြီလေ။တို့လူငယ်တွေဟာ စိတ်ခံစားမှုနဲ့ ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံလိုက်တဲ့အခါမှာ အဆင်သင့်မဖြစ်သေးဘဲ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းဆိုတဲ့ ပြဿနာဖြစ်လာနိုင်ပါတယ်…

ဒီလိုကိစ္စတွေနဲ့ကြုံတွေ့တဲ့အခါ တို့တွေရဲ့ဘ၀ပျော်ရွှင်သာယာနိုင်ပါ့မလား……

အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းဆိုတာကတော့ အသက်(၁၈) နှစ်မပြည့်မီ မိန်းကလေးတွေ ကိုယ်ဝန်ဆောင်ခြင်းကို ဆိုလိုပါတယ်…

သူငယ်ချင်းတို့ရေ…

ဒီကိစ္စနဲ့ကြုံရင် ဘယ်လိုပြဿနာနဲ့အန္တရာယ်တွေ ကျရောက်နိုင်လဲဆိုတာ ဒီပုံလေးတွေ ကြည့်လိုက်ရအောင်နော်…

  • လူမှုရေးအယူအဆအရ ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရပြီး လူအများ၏အထင်မြင်သေးခံရနိုင်ပါတယ်။
  • ပညာရေးဆုံးခန်းမတိုင်နိုင်တော့တဲ့ အတွက်ရည်မှန်းချက်များလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။
  • အသက်အရွယ်အရအိမ်ထောင်တစ်ခု တည်မြဲရန်အတွက် လိုအပ်တဲ့ နားလည်မှု၊ရင့်ကျက်မှုမရှိသဖြင့် လင်မယားကတောက်ကစဖြစ်ပြီး အိမ်ထောင်ရေးအဆင်မပြေခြင်း ဖြစ်နိုင်သလို
  • အသက်အရွယ်အရ အတွေ့အကြုံ နည်းပါးသဖြင့် အလုပ်အကိုင် အခက်အခဲဖြစ်နိုင်ပြီး စီးပွားရေးအရ ငွေကြေးပြည့်စုံမှုမရှိ၍ အိမ်ထောင်ရေး မသာယာခြင်းကြုံတွေ့နိုင်ပါတယ်။

တို့လူငယ်တွေဟာ ဒီလိုပြဿနာတွေနဲ့ကြုံတွေ့ရမှာ စိုးရိမ်ပြီးနောက်ဆုံးကိုယ်ဝန်ဖျက်ချခြင်းဆိုတဲ့လမ်းကို မှားယွင်းစွာ လျှောက်လှမ်းတတ်ကြပါတယ်

အဲဒီလို ဖျက်ချမယ်ဆိုပြန်ရင်လည်း…

  • သွေးဆင်းများ၍ အသက်ဆုံးရှုံးခြင်း၊
  • ရောဂါပိုးဝင်၍ ချမ်းတုန် အဖျားတက်ခြင်း၊သွေးဆိပ်တတ်ခြင်း၊မေးခိုင်ပိုးဝင်ခြင်း နှင့်သေဆုံးခြင်း၊
  • သားအိမ်ပေါက်၍ အသက်ဆုံးရှုံးခြင်း၊
  • သားသမီးမရနိုင်တော့ခြင်း စတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာပေါ့။

ဒီလိုမဟုတ်ဘဲကိုယ်ဝန်ကို ဆက်ပြီးဆောင်ခဲ့ရင်လည်း…

  • ပေါင်မပြည့် လမစေ့ဘဲ ကလေးမွေးခြင်း၊
  • သွေးအားနည်းခြင်း၊မျက်စိပြာခြင်း၊
  • အလွန်အမင်းပျို့အန်၍ ခြေ၊လက်၊မျက်နှာ ဖောယောင်ခြင်း၊
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
  • ကိုယ်ဝန်ဆိပ်တက်၍ အသက်ဆုံးရှုံးခြင်း၊
  • ကလေးမီးဖွားချိန်ကြာမြင့်ပြီး အခက်အခဲများစွာတွေ့ခြင်း၊
  • မီးတွင်းကာလ သွေးသွန်၍ အသက်ဆုံးရှုံးခြင်း၊
  • အချင်းမကျခြင်းစတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။

 

ဒါကြောင့်တို့လူငယ်တွေအနေနဲ့ဒီလိုအဖြစ်ဆိုးတွေ မကြုံရလေအောင် မဖြစ်ခင်ကကြိုတင်ကာကွယ်ဖို့က အရေးကြီးဆုံးပါပဲ…

ဘယ်လို ကာကွယ်နေထိုင်မလဲဆိုတော့…

  • ဖြစ်နိုင်ပါက အိမ်ထောင်မပြုမီ လိင်ကိစ္စကို ​ရှောင်ရန်၊မရှောင်ရှားနိုင်ပါက ပဋိသန္ဓေတားဆေးများကို စနစ်တကျသုံးစွဲရန်
  • မှန်ကန်သော ကျန်းမားရေး အသိရှိရန်နှင့် လိုက်နာကျင့်သုံးရန်
  • မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် အရက်ကို ရှောင်ခြင်းဖြင့် အမှားကင်းရန်
  • ကောင်းမွန်သော ပတ်ဝန်းကျင်ကို ရွေးချယ်ရန်

အစရှိတဲ့ မှန်ကန်သောဆုံးဖြတ်ချက်များချကာ အန္တရာယ်ဖြစ်စေသော အပြုအမူများကို ရှောင်ရှားခြားအားဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ပါတယ်…

ဒါဆိုရင် သူငယ်ချင်းတို့အားလုံးအနေနဲ့ ဆယ်ကျော်သက်ဘ၀မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုအကြောင်း နားလည်ပြီနော်။

ဒီကိစ္စဖြစ်လာပြီဆိုရင် မိန်းကလေးတွေကိုသာ အပြစ်တင်လေ့ရှိကြတယ်။

တစ်ကယ်တော့ ဒီပြဿနာဆိုတာ တစ်ဦးတစ်​ယောက်တည်းရဲ့ အပြုအမူကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။

ယောကျာ်းလေးရော မိန်းကလေးပါ ဆင်ခြင်အလေးထားရမယ့် ကိစ္စတစ်ခုပါ။