လူငယ်နှင့် HIV/AIDS
သူငယ်ချင်းတို့ရေ…
တို့လူငယ်တွေအနေနဲ့ ကာလသားရောဂါအပြင် HIV/AIDS နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလည်း သိထားဖို့ လိုသေးတယ်။
HIV ဆိုတာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီးတော့ AIDS ဆိုတာ HIV ပိုးကြောင့် ခုခံအားကျဆင်းပြီး ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာစုကို ခေါ်ပါတယ်။
HIV ပိုး ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့…
- ရောဂါပိုးရှိသူနဲ့ လိင်တူ / လိင်ကွဲ ဆက်ဆံရာမှ အများဆုံး ကူးစက်နိုင်ပါတယ်
- ရောဂါပိုးရှိသူရဲ့ သွေးကို သွင်းမိရင်လည်း ကူးစက်နိုင်ပါတယ်။
- အရေပြားကို ဖောက်နိုင်တဲ့ ချွန်ထက်သော ပစ္စည်းများ (ဆေးထိုးအပ်၊ ဆေးမှင်ကြောင်၊ ဘရိတ်ဓါး) အတူတူမျှဝေသုံးစွဲရင်လည်း ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးရှိတဲ့မိခင်မှ သန္ဓေသားကိုလည်း ကူးစက်နိုင်ပါတယ်။
ကဲ..အခုလောက်ဆိုရင် HIV ပိုးကူးစက်နိုင်တဲ့ အဓိကနည်းလမ်းတွေကို သိပြီးပြီဆိုတော့ HIV ပိုး မကူးစက်နိုင်တဲ့ နည်းလမ်းတွေလည်း သိထားသင့်ပါတယ်…
HIV ပိုးဟာဒီလိုနည်းတွေနဲ့တော့ မကူးစက်နိုင်ပါဘူး…
HIV ပိုးရှိသူနဲ့ သာမန်လူမှု ပေါင်းသင်းဆက်ဆံရေးကိစ္စတွေက မကူးစက်နိုင်ပါဘူး
- HIV ပိုးရှိသူနဲ့ အတူတူစားသောက်ခြင်း
- HIV ပိုးရှိသူနဲ့ သာမန်ပွေ့ဖက်နမ်းရှုံ့ခြင်း
- HIV ပိုးရှိသူနဲ့ အလုပ်အတူတူလုပ်ခြင်း
- HIV ပိုးရှိသူနဲ့ ကစားခြင်းနှင့် ရေအတူတူကူးခြင်း
- HIV ပိုးရှိသူနဲ့ အိမ်သာတစ်လုံးတည်း မျှဝေအသုံးပြုခြင်း
- အင်းဆက်ပိုးမွှား (ခြင်၊ ကြမ်းပိုး) ကိုက်ခြင်း စတဲ့ နည်းလမ်းတွေက တဆင့် HIV ပိုးဟာ မကူးစက်နိုင်ပါဘူး
သူငယ်ချင်းတို့ရေ…
ဒါဆိုရင်တော့ HIV ပိုးရဲ့ ကူးစက်နည်း၊ မကူးစက်နည်းတွေ သိပြီမဟုတ်လား။ HIV ပိုး မကူးစက်အောင် ဒီလိုနည်းတွေနဲ့ ကာကွယ်ထားနိုင်ပါတယ်။
- လိင်အပျော်အပါးလိုက်စားခြင်းကို လုံးဝရှောင်ကြဉ်ရမယ်။ ချစ်သူရည်းစားနဲ့ အိမ်ထောက်ဖက်တွေ အပြန်အလှန် သစ္စာရှိရမယ်။
- မရှောင်နိုင်ဘူးဆိုရင် ကွန်ဒုံးကို စနစ်တကျသုံးဖို့လိုတယ်။
- ချွန်ထက်သော အရေပြားဖောက် ပစ္စည်းကိရိယာများကို အခြားသူများနှင့် မျှဝေ မသုံးသင့်ပါ။ (ဥပမာ- ဆေးထိုးအပ် / ပြွန်၊ ဆေးမှင်ကြောင်ထိုး ကိရိယာ ဆေးခွက်နှင့် ဆေးများ)
- မဖြစ်မနေ သွေးသွင်းရန်လိုအပ်ပါက HIV ရှိ မရှိစနစ်တကျ စစ်ဆေးထားတဲ့သွေးကို ရရှိဖို့ လိုအပ်ပါတယ်။ ဒီလို သန့်စင်တဲ့သွေး ရနိုင်ဖို့ သွေးလှူရှင်များအနေနဲ့လည်း မိမိမှာ ပိုး လုံးဝကင်းရှင်းကြောင်း အာမခံနိုင်မှသာ လှူဒါန်းသင့်ပါတယ်။
HIV ပိုးရှိ မရှိ ကို အမြင်အားဖြင့်ကြည့်ရုံနဲ့ မသိနိုင် ဘူးလေ။ သွေးစစ်ဆေးခြင်း တစ်ခုတည်းနဲ့ပဲ သိနိုင်ပါတယ်။ သွေးစစ်ဆေးတဲ့အခါမှာလည်း နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှသာ သွေးစစ်ဆေးသင့်ပါတယ်။ HCT (HIV Counselling and Testing) လို့ ခေါ်ပါတယ်။
- ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် HIV ပိုးရှိ မရှိကို စောစောစီးစီး သိနိုင်ပါတယ်။ အရေးပေါ်သွေးလိုအပ်တဲ့ သူတွေကိုလည်း ကိုယ့်ရဲ့ သန့်ရှင်းတဲ့သွေးနဲ့ အသက်ကယ်လို့ရသလို ကြိုတင်ပြီးသွေးစစ်ထားတဲ့အတွက် အိမ်ထောင်ကျခဲ့ရင် အိမ်ထောင်ဖက်နဲ့ ကလေးကို မကူးစက်နိုင်တော့ပါဘူး။
- တကယ်လို့ HIV ပိုး ရှိခဲ့ရင်လည်း ကြောက်စရာ၊ စိုးရိမ်စရာ မလိုသလို အရှုံးပေးစရာလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ HIV ပိုး မပြန့်ပွားအောင် ထိန်းချုပ်ပေးတဲ့ ART/ARV ဆိုတဲ့ ပိုးထိန်းဆေးတွေ ရှိနေပါပြီ။
- တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးညွန်ကြားတဲ့အတိုင်း မပျက်မကွက် ဆေးသောက်မယ်ဆိုရင်အများနည်းတူ သက်တမ်းစေ့နေနိုင်ပြီး ဘဝကို အဓိပ္ပါယ်ရှိစွာ လျှောက်လှမ်းပါ။ တို့တွေအပါအဝင် နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေကြားမှာ HIV ပိုးတွေ လုံးဝကင်းရှင်းသွားအောင် အားလုံးမှာ တာဝန်ရှိသလို ရောဂါပိုးကူးစက်ခံရတဲ့ သူတွေအပေါ်မှာ ခွဲခြား မဆက်ဆံမိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် သိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူငယ်ချင်းတွေဆီ ဖြန့်ဝေပေးဖို့ တိုက်တွန်းရင်းနဲ့
တို့လူငယ်တွေကြားမှာ ရောဂါဆိုးတစ်ခုလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးအကြောင်းကို နောက်ထပ်လေ့လာကြည့်ရအောင်နော်….