သူငယ်ချင်းတို့ရေ…
လူဆိုတာ မနက်ဖြန်လို့ခေါ်တဲ့ အနာဂတ်အတွက် ရှင်သန်နေတဲ့သူဖြစ်တယ်။
အဲဒီအနာဂတ်ကိုလှပစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလိုအပ်တယ်။ တို့တွေဟာ လူငယ်တွေဖြစ်တဲ့အတွက်ကြောင့် အရာရာကို စူးစမ်းလေ့လာချင်ကြတာဟာ တို့တွေရဲ့ သဘာဝပဲလေ…
အဲဒါကြောင့် စူးစမ်းလေ့လာတယ်ဆိုရာမှာဆိုးကျိုးဖြစ်နိုင်တဲ့ ကိစ္စတွေကို စမ်းသပ်မိရင် အနာဂတ်မှာ အန္တရာယ်တွေ ကျရောက်နိုင်တယ်နော်။ မစူးစမ်းခင် အမှားအမှန် ခွဲခြားဆင်ခြင်ဖို့ လိုပါတယ်…
စဉ်းစားဆင်ခြင် ဝေဖန်မှုကတဆင့် အမှားအမှန်ဆိုတာကို သေချာ သိလာပြီဆိုရင် သူငယ်ချင်းရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ပါလိမ့်မယ်…
လက်ရှိအချိန်မှာ ဘာပဲလုပ်နေလုပ်နေ ရည်မှန်းချက်တော့ ရှိရမယ်။ ရည်မှန်းချက်မရှိတဲ့သူဟာ ပဲ့မရှိတဲ့ လှေတစ်စင်းကို လှော်ခတ်နေသလို ပါဘဲ။ ကိုယ့်ရဲ့ ဝါသနာနဲ့ အားသာချက်၊ အားနည်းချက်တွေပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်မျိုး ရွေးချယ်နိုင်ဖို့ လိုအပ်ပါသေးတယ်။ ရည်မှန်းချက်တွေဘယ်လောက်ပဲရှိရှိ၊ မင်းကျန်းမာရေးကောင်းမှ လုပ်လို့ရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။
ကိုယ့်ရဲ့ ရည်မှန်းချက် အနာဂတ်တွေကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့ဆိုရင် ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ချက်ချပြီး ကြိုးပမ်းအားထုတ်ဖို့လိုအပ်ပါတယ်..