သူငယ်ချင်းတို့ရေ..
တို့တွေဟာ ဆယ်ကျော်သက် လူငယ်တွေဖြစ်လို့အရာရာကို စူးစမ်းချင်တယ်။ လက်တည့်စမ်းချင်တယ်။ လွတ်လွတ်လပ်လပ်နေချင်တယ် ဆိုတာ သဘာဝပါပဲ။ ဒီလိုမျိုး အတုမြင်အတတ်သင်ချင်တဲ့ အရွယ်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာ ဘယ်လောက်အရေးပါလည်းဆိုတာ သူငယ်ချင်းတို့ သေသေချာချာ စဉ်းစားမိရဲ့လား။ ကိုယ့်ပတ်ဝန်းကျင်လို့ပြောရင်..
(၁) သူငယ်ချင်းအပေါင်းအသင်း လွတ်လပ်စွာနေချင်တဲ့ တို့လူငယ်တွေမှာ သူငယ်ချင်းအပေါင်းအသင်းဆိုတာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ သူငယ်ချင်းတွေဆိုတာ ကောင်းတဲ့ ဆွဲဆောင်မှုတွေ ပေးနိုင်သလို မကောင်းတဲ့ ဆွဲဆောင်မှုတွေလည်း လုပ်နိုင်ပါတယ်။ အဲဒီအခါတွေမှာ သူငယ်ချင်းတွေနဲ့ အတူတူလိုက်ပြီး လုပ်သင့်လား မလုပ်သင့်လားဆိုတာ ကြိုတင်တွေးဖို့လိုတယ်လေ…..
ဒီလိုတွေးတဲ့အခါမှာ ကိုယ့်လုပ်ရပ်တွေကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို စဉ်းစားဖို့လိုအပ်တယ်။ အဲဒီတော့ သူငယ်ချင်းတွေရဲ့ မကောင်းတဲ့ ဆွဲဆောင်မှုရှိလာခဲ့ရင် အခင်မင်မပျက်ဘဲ ငြင်းဆိုနိုင်ဖို့ စိတ်ဓါတ်ခိုင်မာဖို့ အရေးကြီးတာပေါ့…
ကိုယ့်ဘက်ကငြင်းဆိုပြီးရင်လည်း ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဒါတွေမလုပ်ဖို့ပြောပြပြီး ကောင်းတဲ့ဖက်ကို စည်းရုံးနိုင်ဖို့လည်း လိုအပ်ပါတယ်။ဒါမှ သူငယ်ချင်းကောင်းပီသမှာလေ….
၂. မှန်ကန်တဲ့ ရွေးချယ်မှု
တို့တွေရဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်း အပေါင်းအသင်းအပြင် အတုယူ အားကျရတဲ့သူ၊ အထင်ကြီးလေးစားရတဲ့ သူတွေရှိတယ် မဟုတ်လား။ အဲဒီတော့ အတုယူမမှားဖို့ အရေးကြီးပါတယ်။ ဥပမာ ကိုယ်အထင်ကြီးတဲ့ ရုပ်ရှင်မင်းသားက ဆေးလိပ်သောက်တာကို ကြည့်ပြီး ဆေးလိပ် လိုက်သောက်မိတာမျိုးပေါ့….
အဲဒီတော့ ကိုယ်ကိုယ်တိုင်ကလည်း အတုယူသင့်၊ မယူသင့်ဆိုတာ ရွေးချယ်စဉ်းစားဖို့ လိုတယ်နော်။
နောက်ပြီး တို့တွေဟာ ခေတ်လူငယ်တွေဖြစ်တဲ့အတွက် ခေတ်မီတဲ့ ပညာရပ်တွေကို မှန်ကန်စွာ ရွေးချယ်အသုံးချနိုင်ဖို့လည်း လိုပါတယ်။ (ဥပမာ- အင်တာနက်အသုံးပြုပြီး အကျိုးရှိမယ့် အသိပညာ၊ ဗဟုသုတတွေကို ရှာဖွေ ဖတ်ရှုတာမျိုးပေါ့)
အကောင်းနဲ့အဆိုး ဆင်ခြင်စဉ်းစားရွေးချယ်နိုင်ဖို့ အရေးကြီးတာပေါ့
၃. မိသားစု
ဘဝမှာ မိသားစုဆိုတာဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းနဲ့ ရှင်သန်ရာဝန်းကျင်တစ်ခုဖြစ်တယ် ဆိုတာ မမေ့လိုက်နဲ့ဦး။
ဒါကြောင့် မိသားစုဝင်တွေနဲ့ ဆက်ဆံရေး သဟဇာတဖြစ်ပြီး ပျော်ရွှင်တဲ့ မိသားစုလေးဖြစ်ဖို့လည်း အရေးကြီးတာပေါ့။
ကိုယ်ကိုယ်တိုင်ရော မိသားစုအတွင်းမှာ ပျော်ရွှင်မှုရှိအောင် ကြိုးစားဖို့ လိုသလား.. တို့တွေဟာ မိသားစုဝင်တွေနဲ့ အဆင်ပြေအောင် နေထိုင်နိုင်မယ်ဆိုရင် ကောင်းကျိုးတွေအများကြီး ရှိနေမှာပါ။ တကယ်လို့ မိသားစုအတွင်းမှာ သဘောထားမတိုက်ဆိုင်မှုတွေ၊ အမြင်မတူတဲ့ ပြဿနာတွေ ရှိလာမယ်ဆိုရင်ရော…
ဒီပြဿနာတွေကြောင့် စိတ်ညစ်နေမှာလား အရွဲ့တိုက်ပြီး ထင်ရာစိုင်းနေမှာလား..
ပြဿနာတွေကြောင့် စိတ်ညစ်၊ အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်းနေမယ်ဆိုရင် ပြဿနာကို ဖြေရှင်းရာ မရောက်တဲ့အပြင် နောက်ဆက်တွဲပြဿနာတွေပါ ဖြစ်လာနိုင်တယ်လေ။ အဲဒီတော့ သဘောထားမတိုက်ဆိုင်တာတွေ၊ အမြင်မတူတာတွေဖြစ်လာတိုင်း ညှိနှိုင်းဖြေရှင်းခြင်းဟာ အကောင်းဆုံးနည်းလမ်းပဲပေါ့။
အဲဒါမှ လုံခြုံနွေးထွေးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ရရှိနိုင်မယ်လေ။ ကိုယ်ကိုယ်တိုင်လည်း မိသားစုဘဝကို တည်ဆောက်ကြတဲ့အခါမှာ ဘယ်လိုမိသားစုဘဝကို တည်ဆောက်ကြမလဲဆိုတာ ကြိုတင်စဉ်းစား ပြင်ဆင်ထားလိုက်ပါဦး။
သူငယ်ချင်းတို့ရေ…
တို့တွေရဲ့လက်ရှိဘဝမှာ ပတ်ဝန်းကျင်နဲ့ မိသားစုဟာ အရေးပါသလို ရှေ့ဆက်ရမယ့် အနာဂတ်ရည်မှန်းချက်တွေဟာလည်း အရေးကြီး တယ်နော်..