သူငယ်ချင်းတို့ရေ…
တို့တွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ဆုံးဖြတ်ချက် အမျိုးမျိုးကို နေ့စဉ် ချမှတ်နေရတယ်လေ။ အဲဒီထဲကမှ တချို့တွေက လွယ်ကူပြီး တချို့တွေက ခက်ခဲတယ်နော်။ တို့တွေ ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်တဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ ပညာအရည်အချင်း၊ အတွေ့အကြုံတွေနဲ့ ဘဝတန်ဖိုးထားမှုတွေက အများကြီး လွှမ်းမိုးထားတယ်ဆိုတာ သတိထားမိကြရဲ့လား။ အနာဂတ်မှာ ကောင်းမွန်မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်ဖို့ဆိုတာ တို့တွေရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ အရေးကြီးတာပေါ့…
- ဆုံးဖြတ်ချက်ချတယ်ဆိုတာ ရွေးချယ်မှုတစ်ခု ပြုလုပ်တာပါပဲ။ ဒါကြောင့် ရွေးချယ်စရာ တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို သေချာ စဉ်းစားရမှာဖြစ်သလို နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်ကိုလည်း စဉ်းစားဖို့လိုတယ်နော်။ ဒါ့အပြင် မိမိတန်ဖိုးထားမှုနှင့် ကိုက်ညီမှုရှိ၊ မရှိ ချင့်ချိန်ကြည့်ဖို့ လိုအပ်ပါတယ်။
- ဒါ့အပြင် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်တတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီစာအုပ်မှာပါတဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတတွေ၊ အတွေးအခေါ်တွေက မင်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချရာမှာ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် သူငယ်ချင်း။