သူငယ်ချင်း တို့ရေ…
ခန္ဓာကိုယ် ဖွံ့ဖြိုးလာတာနဲ့အတူ မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းတွေလည်းဖွံ့ဖြိုးလာပါတယ်… ဒါတွေကို သူငယ်ချင်းတို့ သိထားဖို့လိုပါတယ်…
ဒီပုံကတော့ အမျိုးသားရဲ့ မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းပုံပါ…
အမျိုးသား မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်း (၉) ခု ပါဝင်တယ်…
ဒီပုံကတော့ အမျိုးသမီး မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်းပုံပါ…
အမျိုးသမီး မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်း (၇) ခု ရှိပါတယ်…
ကဲ – သူငယ်ချင်းတို့အားလုံးလည်း မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းတွေဘယ်လိုဖွံ့ဖြိုးပြောင်းလဲလာတယ်ဆိုတာ သိကြပြီဆိုရင် တို့တွေရဲ့မျိုးပွားအင်္ဂါတွေကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ဖို့လည်း အရေးကြီးတယ်ဆိုတာမမေ့နဲ့နော်….
ဒါမှလည်း တို့လူငယ်တွေရဲ့ဘဝမှာ မျိုးပွားလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ခြင်းဆိုတဲ့ပြဿနာမှကင်းဝေးကြမှာပေါ့…
သူငယ်ချင်းတို့ရေ…
ကိုယ်ဝန်ဆောင်ခြင်းအကြောင်းကို ဆက်ပြောပြမယ်နော်..
ဒါကြောင့် အရွယ်ရောက်ပြီးတဲ့ မိန်းကလေးနဲ့ ယောင်္ကျားလေးတို့ အကာအကွယ်မပါဘဲလိင်ဆက်ဆံတဲ့အခါမှာ ကိုယ်ဝန်ရနိုင်တယ် သူငယ်ချင်း… အကောင်းဆုံးကတော့လက်မထပ်သေးခင်၊ အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရအောင် နေထိုင်ခြင်းကအကောင်းဆုံးပေါ့ကွာ…
အဲဒါကြောင့် ဗဟုသုတအနေနဲ့ သန္ဓေတားနည်းလမ်းတွေကို သိထားစေချင်ပါတယ်…
အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး အိမ်ထောင်ကျပြီးလို့ သားသမီးမယူချင်သေးလို့ဖြစ်စေး ငွေကြေး စီးပွားရေးအရ ဒါမှမဟုတ် အသက်အရွယ်အရအဆင်သင့်မဖြစ်သေးလို့ဖြစ်စေ ကိုယ်ဝန်မရအောင် တာထားမယ်ဆိုရင်ခုပြောပြမယ့် သန္ဓေတားနည်းတွေထဲက ကိုယ်နဲ့ သင့်တော်မယ့်နည်း တစ်ခုခုကိုတတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်သုံးစွဲပြီး သန္ဓေတားလို့ရပါတယ်…
လိင်ကိစ္စရှောင်ကြဥ်ခြင်းက ပဋိသန္ဓေတားနည်းတစ်ခုဖြစ်ပါတယ်…
သန္ဓေတားနည်းလမ်းဆိုတာ ဘာတွေလဲ ကြည့်ကြရအောင်…အရင်ဆုံးသဘာ၀အတိုင်း သန္ဓေတားလို့ရတဲ့နည်းလမ်းတွေကိုပြောပြမယ်နော်….
ဘယ်သန္ဓေတားနည်းကမှ ရာနှုန်းပြည့်စိတ်မချရဘူးဆိုတာတော့ သတိထားဖို့လိုတယ်သူငယ်ချင်း
၁. ရက်ရှောင်ခြင်း
အကြမ်းအားဖြင့် ရာသီမလာခင် (၇) ရက်နဲ့ ရာသီစလာတဲ့ နေ့မှ (၇) ရက် အတွင်းရက်တွေက ပဋိသန္ဓေမရဖို့ စိတ်ချရတဲ့ ရက်တွေဖြစ်ပါတယ်။ ဆေးဝါးသုံးစွဲခြင်းမရှိလို့ ဘေးထွက်ဆိုးကျိုးများ မရှိနိုင်ဘူးဆိုပေမယ့် (၂၈) ရက်တစ်ကြိမ် လစဉ်ရာသီသွေးပုံမှန်ပေါ်သော အမျိုးသမီးတွေမှသာ အသုံးပြုသင့်ပါတယ်။
၂. သုက်ရည် အပြင်သို့စွန့်ထုတ်နည်း
အမျိုးသားအနေနဲ့ လိင်ဆက်ဆံမှုမပြီးခင် သုက်ရည်ကို အပြင်သို့ စွန့်ထုတ်ခြင်းဖြစ်ပါတယ် လွယ်ကူပြီး စားရိတ်စက မရှိပေမယ့် စိတ်ချရမှု အားနည်းပါတယ်။သဘာဝနည်းတွေအပြင် သဘာဝမဟုတ်တဲ့ သန္ဓေတားနည်းတွေလည်း ရှိပါတယ်။အဲဒါတွေကတော့ ဟော်မုန်းပါဝင်တဲ့ သန္ဓေတားနည်းနဲ့ ဟော်မုန်းမပါဝင်တဲ့သန္ဓေတားနည်းတို့ ဖြစ်ပါတယ်…
ဟော်မုန်းပါဝင်တဲ့ သန္ဓေတားနည်းတွေကတော့ …
၃. နေ့စဉ်သောက် သန္ဓေတားဆေး
ဒီနေ့စဉ်သောက် သန္ဓေတားဆေးကဒ်မှာ ၁ဆေးလုံးရေ (၂၈) လုံးပါဝင်ပြီး တစ်နေ့တစ်လုံး က္ပ ၀မပျက်မကွက်သောက်ရပါမယ်။ ဆေးလုံး (၂၈) လုံးမှာဟော်မုန်းပါ ဆေးလုံး (၂၁) လုံး ပါဝင်ပါတယ်။ ဒီဆေးဟာမိန်းကလေးများအတွက်ဖြစ်ပြီး ဆေးသောက်နေစဉ်မှာမိန်းကလေးရဲ့ သားဥအိမ်က သားဥမထွက်တော့ဘူး။သားဥမထွက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးး ဆေးသောက်ရပ်လိုက်တာနဲ့ သားဥကြွေခြင်းပုံမှန် ပြန်ဖြစ်လာပြီး ကိုယ်ဝန်ရနိုင်ပါတယ်။
ဆေးသောက်ရန် မေ့လျော့ခဲ့ပါက ကိုယ်ဝန်ရသွားနိုင်ခြေရှိပါတယ်။
၄ အရေးပေါ် သန္ဓေတားသောက်ဆေး
ဒီဆေးကတော့ ပုံမှန် သန္ဓေတားဆေး/ပစ္စည်း သုံးစွဲနေရာမှလွဲချော်မှုများဖြစ်သည့်အခါ သောက်သုံးနိုင်သည့်အတွက် အရေးပေါ် သန္ဓေတားဆေးလို့ ခေါ်ပါတယ်။ အမျိုးသမီးတစ်ဦးအဓမ္မအပြုခံရလို့ဖြစ်စေး သောက်ဆေးမေ့လျော့လို့ဖြစ်စေ၊ထိုးဆေးနောက်ကျလို့ဖြစ်စေ၊အကာအကွယ်မသုံးမိလို့ဖြစ်စေ၊အကာအကွယ်ပေါက်ပြဲသွားလို့ဖြစ်စေ၊ မလိုလားအပ်တဲ့ကိုယ်ဝန်မရသွားဖို့ (၁၂၀) နာရီအတွင်း သောက်သုံးရတဲ့ ဆေးမျိုးပေါ့။ဒီဆေးကို ပုံမှန်သန္ဓေတားသောက်ဆေးအနေနဲ့ မကြာခဏသုံးစွဲဖို့ မသင့်တော်ပါ။
၅. သန္ဓေတားထိုးဆေး
သန္ဓေတားထိုးဆေးကတော့ (၃) လခံ (၁၂-ပတ်)
သန္ဓေတားအသားထိုးဆေးနဲ့ အရေပြားအောက်ထိုးသည့် သန္ဓေတားဆေးဆိုပြီး ရှိပါတယ်။ဒီထိုးဆေးမှာ သားဥအိမ်က သားဥမထွက်စေတဲ့ အာနိသင်ရှိလို့ ကိုယ်ဝန်မရအောင် ၂ကာကွယ်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ရာသီသွေးပေါ်မှု အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ သန္ဓေတားထိုးဆေးသုံးသူများအတွက် သတ်မှတ်ရက်အတိုင်း မမေ့မလျော့ ပြန်ထိုးရန်လိုအပ်ပါတယ်။
၆.လက်မောင်းအရေပြားအောက်ထည့် သန္ဓေတားပစ္စည်း
ဒီနည်းကတော့ အမျိုးသမီးများအတွက်ဖြစ်ပါတယ်။ဟော်မုန်းပါဝင်တဲ့ သန္ဓေတားပစ္စည်းတစ်မျိုးကိုလက်မောင်းအရေပြားအောက်ထဲသို့ အသေးစားခွဲစိတ်မှု ပြုလုပ်ပြီးထည့်ကာ အသုံးပြုရတဲ့ သန္ဓေတားနည်းဖြစ်တယ်။အသုံးပြုသည့် ပစ္စည်းအမျိုးအစားပေါ် လိုက်၍ (၃) နှစ် (၅) နှစ် အထိသန္ဓေတားနိုင်ပါတယ်။အသက်အရွယ်မရွေး၊ ကလေးရှိရှိ မရှိရှိ သုံးစွဲနိုင်ပါတယ်။ဒီပစ္စည်းက သားဥထုတ်လွှတ်ခြင်းကို တားဆီးပြီး သုက်ပိုးနဲ့မတွေ့နိုင်စေရန် လုပ်ဆောင်ပေးပါတယ်။ကိုယ်ဝန်ဆောင်လိုပါက ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းအကူအညီနဲ့ အချိန်မရွေး ပြန်လည်ထုတ်နိုင်ပြီးနောက် မကြာခင်ကိုယ်ဝန်ပြန်ရရှိနိုင်ပါတယ်။
ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းတွေကတော့
၇. သားအိမ်တွင်းထည့် ပစ္စည်းသုံး၍သန္ဓေတားနည်း
အမျိုးသမီးများ၏ သားအိမ်တွင်းသို့ပစ္စည်းထည့်ပြီး အသုံးပြုရသည့် သန္ဓေတားနည်းတစ်မျိုး ဖြစ်ပါတယ်။အမျိုးအစားပေါ်လိုက်ပြီး ၅နှစ်မှ ၁၀နှစ်ထိ ကိုယ်ဝန်မရအောင် တားစီးပေးနိုင်ပါတယ်။အရေးပေါ် သန္ဓေတားနည်းအနေနဲ့လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်(၅) ရက်အတွင်းထည့်နိုင်ပါတယ်။ထည့်ပြီးခါစတွင် ရာသီသွေးဆင်းများခြင်းနှင့် ဆီးစပ်ကိုက်ခြင်းတို့ဖြစ်တတ်ပါတယ်။
သတိပြုရန်ကတော့ စနစ်တကျ လေ့ကျင့်သင်ကြားထားသော ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီး ကျွမ်းကျင်သူကိုယ်တိုင် ထည့်သွင်းပေးရမှာပါ။
၈.သားကြောဖြတ်ပေးခြင်း
ကျန်းမာရေးလိုအပ်ချက်အရနှင့် သားသမီးအရေအတွက် လိုအပ်သလောက် ရရှိပြီးပြီဟု ယူဆသူ အချို့အမျိုးသား/အမျိုးသမီးတွေအတွက် သားကြောဖြတ်ပေးနည်းမျိုးဖြစ်ပါတယ်။
အမျိုးသားတွေမှာ သုက်ပို့ပြွန်ကို ဖြတ်တောက်ပြီး အမျိုးသမီးတွေမှာ သားဥပြွန်ကို ဖြတ်တောက်ရပါတယ်။အဲ့ဒီနည်းအားဖြင့် သားဥနဲ့ သုက်ပိုးတွေ့ဆုံနိုင်ခြင်းမရှိဘဲ သန္ဓေအောင်ခြင်းကို တားနိုင်ပါတယ်။
၉. ကွန်ဒုံး
အခု ပြောပြခဲ့တဲ့နည်းတွေတော့ ကိုယ်ဝန်မရအောင်သာ တားဆီးနိုင်ပြီး လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ဘူးပေါ့။လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးအပြင်၊ကိုယ်ဝန်မရအောင်ပါတားဆီးချင်တယ်ဆိုရင်တော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုသင့်ပါတယ်။ကွန်ဒုံးမှာ အမျိုးသားသုံးနဲ့ အမျိုးသမီးသုံးကွန်ဒုံး ရှိပါတယ်။အမျိုးသားဘက်က ကွန်ဒုံးသုံးဖို့ အဆင်မပြေခဲ့သော် အမျိုးသမီးအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သုံးသင့်ပါတယ်။
စိတ်ချရအောင် ကွန်ဒုံး(၂) ထပ်သုံးစွဲခြင်း သို့မဟုတ် နှစ်ဦးနှစ်ဖက် ကွန်ဒုံးတပြိုင်နက် သုံးခြင်းဟာ ကွန်ဒုံးကို ပေါက်ပြဲစေနိုင်တဲ့အတွက် ကိုယ်ဝန်ရသွားနိုင်သလို ကူးစက်ရောဂါပိုးလည်းရသွားနိုင်ပါတယ်။